ညောင်ဦးမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများတွင် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်၊ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးလှခိုင်နှင့် တာဝန်ရှိ သူများအဖွဲ့က ညောင်ဦးမြို့နယ် နတ်ကြို့အိုင်ကျေးရွာရှိ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးလှခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ညောင်ဦးမြို့နယ် နတ်ကြို့အိုင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေအဆင်ပြေစေရန် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်ထားရှိသည့် ကျေးလက် ရေရရှိရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးထွန်းထွန်းဝင်းက ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး စီမံကိန်း၏အကျိုးကျေးဇူးဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ညွှန်ကြားရေးမှူး ဦးလှခိုင်နှင့် တာဝန်ရှိသူများအဖွဲ့သည် ကျေးရွာရှိ စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ နှစ်အလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး အားသာချက်၊ အားနည်းချက်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)