လူထုဗဟိုပြုစီမံကိန်း သတ္တမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၊ သတ္တမနှစ်စက်ဝန်း သုံးလပတ်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်း လက်ရှိ အကောင်အထည် ဖော်လျက် ရှိသော နေပြည်တော် ပြည်ထောင်စု နယ်မြေ အပါအဝင် တိုင်းနှင့် ပြည်နယ်ဒေသကြီး ၁၅ ခု မြို့နယ် ၅၄ မြို့နယ်မှ စီမံကိန်း တာဝန်ခံများ၊ စီမံကိန်း လုပ်ငန်းဆိုင်ရာ အကြံပေး ဝန်ထမ်းများ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှုးများ၊ နေပြည်တော် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှဝန်ထမ်းများ၊ ကမ္ဘာဘဏ်မှ ဝန်ထမ်းများ၊ စီမံကိန်း ပူးတွဲ ဆောင်ရွက်လျက်ရှိသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်/တိုင်းဒေသကြီး စီမံကိန်းတာဝန်ခံများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စီမံကိန်းလုပ်ငန်းလျာထားချက်များ၊ လိုအပ်ချက်များနှင့် တွေ့ကြုံရသော အခက်အခဲများ တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က အကြံပြု ညှိနှိုင်းပေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ညွှန်ကြားပေးခဲ့သည်။

စီမံကိန်းအရ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆောင် ရွက်ရာတွင် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို အပြည့်အဝ လိုက်နာမှုရှိရေး၊ စီမံကိန်းအရ တည်ဆောက်လျက်ရှိသည့် လမ်း၊ တံတား၊ အဆောက်အအုံများ တည်ဆောက်ရာတွင် အရည်အသွေး ပြည့်မှီးရေး အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရေး၊ ဒေသခံ အစုအဖွဲ့ အသီးသီးနှင့် အဆင်ပြေမှု ရှိရေးနှင့် ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော နယ်မြေများတွင် စီမံကိန်း လုပ်ငန်းများ ကြန့်ကြာမှု ရှိနိုင်သော်လည်း ဝန်ထမ်းများအနေဖြင့် လုံခြုံရေး ဦးစားပေး ဆောင်ရွက်ရေး စသည်တို့ကို မှာကြားခဲ့ပါသည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကမ္ဘာဘဏ်မှ ပံ့ပိုးမှု ၊ အီတလီ အစိုးရ ၊ UK Department for International Development (DFID) မှ ထောက်ပံ့ငွေ၊ ပြည်ထောင်စု အစိုးရ မှ ထည့်ဝင်ငွေ များဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (NCDDP) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ရွေးချယ် အကောင်အထည် ဖော်လျက်ရှိပြီး၊ မူလ ရန်ပုံငွေ မှ ပိုလျှံငွေနှင့် Japan Social Development Fund (JSDF) မှ ပံ့ပိုးမှုတို့ဖြင့် နောက်ထပ် စီမံကိန်း မြို့နယ် ၁၃ မြို့နယ်ကို ၂၀၂၀ ခုနှစ် ဆန်းပိုင်းတွင် ရွေးချယ်ကာ တိုးချဲ့ဆောင်ရွက်မည် ဖြစ်သည်။