ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့်အဖွဲ့ ဖောင်တော်ဦး အောင်ဇေယျာ ဓာတ်ပေါင်းစုစေတီတော် မြေနေရာပန္နက်တင်ခြင်းနှင့် လူထုမေတ္တာမွန် တံတားဖွင့်ပွဲ တက်ရောက်

ရွှေကူ ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီတွင် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာသို့ရောက်ရှိပြီး ဘုမ္မိဇေယျ ရွှေပေါ်ကျွန်း ကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ဃန်း အစရှိသည်များကို လှူဒါန်း ပူဇော်ပြီး ကံ့ကော်တစ်ထောင် ဘုရားအရှေ့ဘက် ဉာဏ်တော် အမြင့် ၂၄ တောင်ရှိသော ဖောင်တော်ဦး အောင်ဇေယျာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည့် သတ်မှတ်ထားသော မြေနေရာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာ ပန္နက်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု၊ မြောက်ရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လူထုမေတ္တာမွန် တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လူထုမေတ္တာမွန် တံတားသစ်အား ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မော်ကွန်းကျောက်စာတိုင်အားဖွင့်လှစ်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တောပုန်း ကျေးရွာအုပ်စု၊ မြောက်ရွာ ကျေးရွာနေပြည်သူများမှ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောင်လာမည့် လူထုဗဟိုပြု စီမံကိန်းစက်ဝန်းများတွင် လည်းကျေးရွာလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောပုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု၊ မြောက်ရွာ၏ လူထုမေတ္တာမွန် တံတားသည် အလျား ၆၁၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေ ၊ ကွန်ကရစ်အုတ်မြစ်၊ ကွန်ကရစ် တိုင်၊ သစ်သားကြမ်းခင်းတံတားဖြစ်ပြီး စီမံကိန်းမှ ထောက်ပံ့ငွေနှင့်ကျေးရွာလူထုမှ ထည့်ဝင်ငွေ တို့ဖြင့်တည်ဆောက်ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)

https://www.moi.gov.mm/?q=node%2F34320&fbclid=IwAR16D_rQg9MKYfhOAFYCCKVXm_8tSfagy8JtYjurhGAkbPBBscskNq7xbgk