သတင်း ပြန်ကြား ဆက်သွယ်ရေးနဲ့ မှတ်တမ်း ဓါတ်ပုံ ပြခန်း ပေါက်မြို့နယ်တွင် ပြသ

“ကျေးလက်လူထု အခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေ့ရှု” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ စီမံကိန်း အကြောင်း ပိုမို သိရှိစေဖို့အတွက် ရည်ရွယ်ပြီး၊ သတင်း ပြန်ကြား ဆက်သွယ်ရေးနဲ့ မှတ်တမ်း ဓါတ်ပုံ ပြခန်း ဖွင့်ပွဲအခမ်းအနား ကို နှစ်စဉ်ကျင်းပတဲ့ ပေါက်မြို့နယ် ဘုရား တောင် ကျေးရွာမှာ ရှိတဲ့ ရွှေမုဒ်တော၊ ရွှေပေါင်းလောင်း ဗုဒ္ဓပူဇနိယ မြတ်စွာ ဘုရား ပွဲတော်မှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လူထုဗဟိုပြု စီမံကိန်း အကြောင်း ကျေးရွာသူ ကျေးရွာသားတွေ ထဲထဲဝင်ဝင် ပိုမို သိရှိစေဖို့နဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ စီမံကိန်း ဝန်ထမ်းတွေနဲ့အတူ စည်းစည်းလုံးလုံး ပါဝင်လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသန့်က စီမံကိန်း ရဲ့ နောက်ဆုံးနှစ် စက်ဝန်းမှာ စီမံကိန်းရဲ့ လုပ်ကိုင်ဆောင်ရွက် ထားရှိမှု အစီအစဉ်တွေ အချိတ်အဆက်မိမိ အကောင်အထည်ဖော်ကြဖို့နဲ့ စီမံကိန်း ပြီးစီးသွားပေမယ့်လည်း စီမံကိန်းက ရရှိထားတဲ့ နည်းပညာတွေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဘုရားတောင် ကျေးရွာအုပ်စု၊ ဘုရားတောင် ကျေးရွာနဲ့ ကျူတော ကျေးရွာတွေနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ၊ လူထု ဗဟိုပြု ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာကြတဲ့သူတွေက ပြခန်းမှာ ပြသထားတဲ့ မှတ်တမ်းဓါတ်ပုံတွေကို လှည့်လည် ကြည့်ရှုပြီး၊ စီမံကိန်းက မေးကြည့် ဖြေကြည့် CDD ပဟေဠိ မေးခွန်းတွေကို ဖြေကြားကာ ဖြေဆိုနိုင်သူတွေကို စီမံကိန်း အမှတ်တံဆိပ်ပါ မိုးကာ အင်္ကျီ ၊ တီရှပ် ၊ ဦးထုပ်နဲ့ လက်စွဲစာစဉ်တွေကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank