သဲကုန်းမြို့နယ် ဈေးတန်းကျေးရွာတွင်း ကွန်ကရစ်လမ်းဖောက်လုပ်မှုကို ဝန်ကြီး ကြည့်ရှု့ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ ကြိုပင်သာ ကျေးရွာအုပ်စု ဈေးတန်း ကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်နဲ့ တာဝန်ရှိသူများက မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ရာမှာ လူထုဗဟိုပြု စီမံကိန်းက လူမှု အကျိုးစီးပွား တိုးတက်ရန် ဆောင်ရွက်တဲ့ အတွက် ဒီမိုကရေစီ စံနှုန်းများနဲ့ အချိုးညီကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိသလို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များစွာ ရှိပြီး၊ ကျေးရွာနေ ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ၊ ရပ်ရွာအား ဦးဆောင်နိုင်တဲ့ အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံသစ်၊ နည်းပညာ ဗဟုသုတများ၊ အသင်းအဖွဲ့နဲ့ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိမှာ ဖြစ်ကြောင်း၊ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်က ဆွေးနွေးမှာ ကြားခဲ့ပါတယ်။

 

ဈေးတန်း ကျေးရွာမှာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၈ ဒဿမ ၂ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးများရဲ့ နည်းပညာ အကူအညီ၊ အနီးကပ် ကြီးကြပ်မှုတို့ ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းထံက သိရပါတယ်။

 

ငြိမ်းသူ (စလင်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank