ဆော မြို့နယ် ညောင်ပင် ကျေးရွာ အိမ်တိုင်ရာရောက်ရေပေးဝေရေး ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင်၊ ဆော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မှာ ညောင်ပင် ကျေးရွာ အုပ်စု ညောင်ပင် ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးရွာ တာဝန်ခံ လက်ထောက်နည်းပညာမှူး ဦးကျော်မြင့်စိုးနဲ့ လူထု စည်းရုံးရေးမှူး၊ ဦးအောင်ဂွန်းစိန်တို့က ဇွန်လ ၁၅ ရက်နေ့မှာ ကွင်းဆင်း ကြီးကြပ်ခဲ့ပါတယ်။

ကျေးရွာအတွင်း ရေပိုက်လိုင်းတွေ တူးဖော် မြုပ်နှံနေမှု၊ ရေဂါလံ ၂ သောင်းဆန့် Ferrocement ရေကန် တည်ဆောက်နေမှုနဲ့ ငွေကြေးသုံးစွဲမှုစာရင်းဇယားတွေ ဝယ်ယူရေး ဆိုင်ရာ ပုံစံတွေကို ကျေးရွာ ကော်မတီတွေ ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေကို လမ်းညွှန်ပေါင်းစပ် ညှိနှိုင်းတာ Covid-19 ရောဂါ နဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွှန်ချက်တွေ အပေါ် လိုက်နာ ဆောင်ရွက်နိုင်ဖို့ ကျေးရွာ ကော်မတီဝင်တွေကို ပြန်လည် ရှင်းလင်း ချပြခြင်းတွေ ပြုလုပ်ခဲ့ပြီး၊ ရေပေးဝေရေး လုပ်ငန်း ဆောင်ရွက်နေမှုနဲ့ ပတ်သတ်ပြီးတော့ ကျေးရွာလူထုရဲ့ အမြင်တွေကို မေးမြန်း ဆွေးနွေးရာမှာ ဝယ်ယူရေး ဆပ်ကော်မတီဝင် ဒေါ်ခင်ဖြူဝေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးတို့က ယခုလို ပြောကြားခဲ့ပါတယ်။

“အခုလို လူထု ဗဟိုပြု စီမံကိန်းမှာ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ ကျနော်တို့ ကျေးရွာ လူထုရဲ့ သဘောတူညီ ဆန္ဒတွေ ခံယူပြီးတော့မှ အခုလို လုပ်ကိုင်ဆောင်ရွက်တာ အဆင့်ဆင့်တွေ အင်မတန်မှ အောင်မြင်ခဲ့ ပါတယ်။ အခုဆိုလည်း ကျနော်တို့ ရေလုပ်ငန်းကို စတင် ပြီးတော့မှ အိမ်တိုင်ရာရောက် ရေဖြန့်ဝေရေး စနစ်နဲ့ ရေကန်ကြီး တည်ဆောက်ရေးမှာ ယခု စတုတ္ထနှစ်မှာ လုပ်ကိုင်ဆောင်ရွက်တာ အင်မတန်မှ ဝမ်းသာပါတယ်။ နဂိုက ဆိုရင် ကျနော်တို့ ကျေးရွာမှာ ကျေးရွာက ချောင်းစပ်မှာ ဖြစ်သော်လည်းပဲ ပေ ၈၀၀ လောက်မြင့်တဲ့ ကုန်းမြင့်ကြီးမှာ ရွာက တည်နေတာ ဖြစ်တဲ့ အတွက် ကျနော်တို့ ရေခပ်ရတာ အင်မတန်မှ ပင်ပန်း ခဲ့ကြပါတယ်။ ကျနော်တို့ ရဲ့ အဖိုးအဖွားတွေဆို အင်မတန်မှ ရေခပ်ရ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ အခုလို လူထုဗဟိုပြု စီမံကိန်းက အိမ်တိုင်ရာရောက် ရေရရှိရေးကို ဆောင်ရွက်လိုက်တဲ့ အတွက် အင်မတန်မှ ဝမ်းသာပါတယ်။" - ကျေးရွာသား တစ်ဦး

"စတုတ္ထနှစ်စက်ဝန်း မှာ ဆိုလို့ရှိရင် ကျမတို့ ညောင်ပင် ကျေးရွာဟာ အိမ်တိုင်ရာရောက်ရေပေးဝေရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခု လုပ်ငန်းဟာ ဆိုလို့ ရှိရင် ကျမတို့ အမျိုးသမီးတွေရဲ့ အဓိက ကျတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်ရှင့်။ ဘာကြောင့် အဓိက ကျသလဲ ဆိုလိုရှိရင် ကျမတို့ ညောင်ပင်ကျေးရွာဟာ သလင်းချောင်း နဘေးမှာ နေရတာ ဆိုပေမယ့် ကုန်းတက် ကုန်းဆင်းတွေ အများကြီး ရှိလို့ ပေ ၈၀၀ လောက်ကို နေ့တိုင်း တက်လိုက် ဆင်းလိုက်တွေ အများကြီး ရှိတော့ ပေ ၈၀၀ လောက်ကို နေ့တိုင်း တက်လိုက်ဆင်းလိုက်နဲ့ ရေခပ်နေရ ပါတယ်။ ဒါကြောင့် မို့လို့ ကျမတို့ အချိန်တွေ အများကြီးပေးခဲ့ရပါတယ်။ လုပ်ငန်းတွေ ပြီးစီးသွားရင် ဆိုလို့ ရှိရင် ကျမတို့ ရေခပ်ဖို့ ပေးခဲ့ရတဲ့ အချိန်တွေကို ကျမတို့ သားသမီးတွေကို ကျန်းမာရေး၊ ပညာရေး အနီးကပ် ပြုစု စောက်ရှောက်နိုင်မယ်။ မိသားစု ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။" - ကျေးရွာသူ တစ်ဦး

ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ညောင်ပင်ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းမှာ စီမံကိန်း ထောက်ပံ့ငွေ သိန်း ၁၄၀ နဲ့ ကျေးရွာ လူထုက အကောင်အထည်ဖော် ဆောင်ရွက်တာလို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank