ပွင့်ဖြူမြို့နယ်၌ Cash for Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက် မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash for Work စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်မှ ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ရာ သင်တန်းမှ သင်ကြားပို့ချပေးမည့် စီမံကိန်းဆိုင်ရာသင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိရှိ အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က စီမံကိန်း လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသားများကို စီမံကိန်း လုပ်ငန်း စဉ်များ အကြောင်းနှင့် စီမံခန့်ခွဲမှုနည်းပညာများ၊ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းဇယား ရေးသွင်းနည်းများနှင့် ကိုင်တွယ် အသုံးပြုနည်း များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဝင် ကျေးရွာ (၁၂) ရွာအနက် ပထမအကြိမ်အဖြစ် ကျေးရွာ(၆)ရွာမှ စီမံကိန်းကော်မတီဝင် (၄၂) ဦးအား သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ပြီး သင်တန်းအား ယနေ့ တစ်ရက်တည်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာ(၆)ရွာအား ဒုတိယအကြိမ် ဆက်လက် ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

မကွေးတိုင်းဒေသကြီး