ညောင်တုန်းမြို့တွင် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျုံရစ်ကျေးရွာအုပ်စု၊ ကျုံရစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလတွင် ကျေးလက်ဒေသများရှိ ပြည်သူများအား မိမိတို့ကျေးရွာ၏ ထုတ်ကုန်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ Cash For Work စီမံကိန်းမိတ်ဆက်ခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Cash For Work စီမံကိန်း ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီ (၇) ဦးကို ကျေးရွာလူထု မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ပြီး စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/7/07/2020/id-22948