ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် Cash for Work စီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်း ကျေးရွာများအကြောင်း ရှင်းလင်းဆွေးနွေး

တံတားဦး ဇူလိုင် ၇

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)နှင့် Cash For Work စီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းကျေးရွာများအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီ က တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) တွင် ပါဝင်မည့် အိမ်ခြေ (၁၀၀)အထက် ကျေးရွာများအား ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ(၅၁)အိမ်မှ (၁၀၀)အတွင်းရှိ ကျေးရွာများအား ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၅၀)အောက် ကျေးရွာများအား ကျပ်သိန်း(၁၀၀) မတည်ထောက်ပံ့ပေးမည်ဖြစ်ပြီး Cash For Work စီမံကိန်းတွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း စံသတ်မှတ်ချက်များမှာ ကျေးရွာများ လူဦးရေစစ်တမ်းပေါ် အခြေခံ၍ တွက်ချက်ထုတ်ပြန်ထားသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် ချို့တဲ့မှုအညွှန်းကိန်း အများဆုံးရှိသည့် ကျေးရွာအုပ်စုတွင် (၄၀) ရာခိုင်နှုန်း ပါဝင်သောကျေးရွာ၊ ကိုဗစ်-၁၉ ရောဂါ၏ အကျိုးဆက်ကြောင့် အလုပ်အကိုင်(သို့မဟုတ်) ဝင်ငွေဆုံးရှုံးမှုရှိသော အလုပ်သမားအရေအတွက် များသည့်ကျေးရွာ၊ စီမံကိန်းဆောင်ရွက်ရန် စိတ်အား ထက်သန်သော ကျေးရွာစသည့် စံသတ်မှတ် ချက်များဖြင့် စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း၊ အများနှင့် သက်ဆိုင်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများကိုယ်တိုင် ဆောင်ရွက်၍ လုပ်အားခများကိုလည်း ထောက်ပံ့ငွေမှ ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကျေးရွာသူ/သားများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး၊ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/7/07/2020/id-23002