ဆီဆိုင် မြို့နယ် ၌ Cash for Work (CFW) စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေေ (VRFP) စီမံကိန်း တာဝန်လွှဲပြောင်းပေးအပ်

ဆီဆိုင် ဇူလိုင် ၂၈

Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ကျေးလက်နေပြည်သူတို့၏ လူမူစီးပွားဘဝထိခိုက်မှုများကို ကုစား နိုင်ရန် အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ် တွင် Cash For Work (CFW)စီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းတာဝန် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် အမှတ်(၁)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးသက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများကို မိမိတို့ ကျေးရွာရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ယခုလို Cash For Work စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် တိုင်းရင်းသားလူနည်းစုများအတွက် အခွင့် အလမ်းများ တန်းတူညီမျှစွာရရှိရေး ကျား/မတန်းတူညီမျှစွာ ပါဝင်ဆောင်ရွက် နိုင်ရေးကိုလည်း အလေးထား သောကြောင့် တိုင်းရင်းသားလူနည်းစုများပါဝင်ရေး၊ အမျိုးသမီးများပါဝင်ဆောင်ရွက်ရေးကိုလည်း အလေးထား စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးအလုပ်သမားများ မပါဝင်စေရေးအတွက်လည်း သေချာစွာစိစစ်ပြီး အသက်(၁၅)နှစ်ပြည့်ပြီးသူ များ ကိုသာ ပါဝင် ဆောင်ရွက် စေမည် ဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့အနေဖြင့်လည်း မိမိတို့ရဲ့ ကျေးရွာ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ကိုယ်ကျိုးမငဲ့ဘဲ အောင်မြင်စွာဆောင်ရွက်နိုင်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်နှင့် တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက Cash For Work စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်း လုပ်ငန်းတွင်ပါဝင်သည့် ငွေကျပ်သိန်းသုံးရာ(၅)ရွာ၊ ငွေကျပ်သိန်းနှစ်ရာ(၂)ရွာ၊ ငွေကျပ်သိန်းတစ်ရာ(၈) ရွာတို့အား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခွန်လှသိန်းနှင့် ဦးခွန်မောင်ပယ်၊ တောင် ကြီး ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ နှင့် စီမံကိန်း ကျေးရွာ ကော်မတီ ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/28/07/2020/id-25451