ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှကျော် နှင့်အဖွဲ့ ကျောင်းကုန်း မြို့နယ် အတွင်း Cash for Work လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့က ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်း မြို့နယ်အတွင်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့က ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာကို ကြည့်ရှု့ စစ်ဆေးရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်း အရ ချမှတ် ဆောင်ရွက် နေတဲ့ ကဏ္ဍတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မြို့နယ် ကျေးလက် ဦးစီးမှူး ဦးခင်ဇော်က မြို့နယ်နဲ့ ကျေးရွာတွေ အတွင်း Cash for Work စီမံကိန်းနဲ့ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို မြေပုံနှင့် တစ်ကွ ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးနှင့် အဖွဲ့က ကညင်သုံးဆင့်ကျေးရွာက တောင်သူ ၉ ဦး စိုက်ပျိုးထားတဲ့ ဆင်းသုခ မျိုးသန့် ဧက ၅၀ နဲ့ တောင်သူ ဦးဝင်းစိန် စိုက်ပျိုးထားတဲ့ ဆင်းသုခ မျိုးသန့် ၅ ဧက ကိုလည်း သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်စွာ (ပုသိမ်)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage