ဝန်းသိုမြို့နယ်၊ သဖန်းဆိပ်ကျေးရွာတွင် ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်း လုပ်ငန်းခွဲများ ရာနှုန်းပြည့်ပြီးစီး

ဝန်းသို စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း CERP အစီအစဉ်အရ Cash For Work စီမံကိန်းကို ကျေးရွာ (၆) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ သဖန်းဆိပ်ကျေးရွာတွင် Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ဖြင့် ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းအသုံးပြုပြီး ၆၀ရာခိုင်နှုန်းကို လုပ်အားခ ပေးချေသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းခွဲများအားလုံးရာနှုန်း ပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

"ကျနော်တို့ရွာက ရွာဟောင်းနှင့် ရွာသစ်နှစ်ပိုင်းရှိပြီးတော့ အိမ်ခြေ(၁၀၂)အိမ် ၊ လူဦးရေ (၅၁၆)ဦး ရှိပါတယ်၊ အိမ်ထောင်စု လူဦးရေများပြားလာသည့်အတွက် ရွာသစ်ကုန်းပိုင်းမှာ တိုးချဲ့နေထိုင်လာကြတယ်၊ ရွာသစ်ကုန်း ပိုင်းမှာ ရွာတွင်းလမ်းများကို ပြုပြင်ထားမှုမရှိသေးဘူး၊ ရေနှုတ်မြောင်းတွေလဲ မရှိသေးတော့ ရေစီးရေလာ မကောင်းဘူး၊ မိုးတွင်းဆိုဗွက်တွေက နှစ်တိုင်းပဲ၊ ကျောင်းပို့ဖို့ ကလေးတွေအတွက် အရမ်း အခက်အခဲ ဖြစ်ကြရတယ်၊ အခု Cash For Work စီမံကိန်းနဲ့ လမ်းတွေအားလုံးပြင်ပြီး ရေစီးရေလာကောင်းဖို့ လိုအပ်တဲ့ နေရာတွေမှာ ကွန်ကရစ်ရေပြွန်တွေ/ သစ်သား ရေမြောင်းတွေ လုပ်နိုင်ခဲ့တဲ့ အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်လာ သည့်အပြင် ကျနော်တို့‌ကျေးရွာသူ၊ ကျေးရွာသားတွေ အလုပ်ဝင်လုပ်ကြတော့ နေ့စဉ်ဝင်ငွေ လည်းရကြတယ်၊ အခုလို စီမံကိန်းချပေးတဲ့ ကျေးလက်ဦးစီးဌာနကို အများကြီးကျေးဇူးတင်ပါတယ်ဗျာ"ဟု ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။

သဖန်းဆိပ် ကျေးရွာတွင် အဆိုပါ စီမံကိန်း ထောက်ပံ့ငွေဖြင့် အရှည်ပေ ၄၀၀၀ ကျော်၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ရွာတွင်းလမ်းကိုဂျင်းမြေခင်းပြီး ကျောက်မုန့်ထပ်ပိုးခင်းခြင်းလုပ်ငန်း၊ အကျယ်တစ်ပေခွဲ၊ အနက်တစ်ပေခွဲရှိ လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း၊ ကွန်ကရစ် ရေပြွန်(၃)စင်း တည်ဆောက်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် လိုအပ်သော နေရာများတွင် သစ်သား ရေမြောင်း(၂) စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်း လုပ်ငန်းခွဲများနှင့် နေ့စဉ် လုပ်အားခ ပေးချေမှု မှတ်တမ်းစာအုပ်၊ နေ့စဉ်လုပ်သား စာရင်းချုပ်၊ အပတ်စဉ်နှင့် လစဉ်လုပ်ငန်း ဆောင်ရွက် မှု အစီရင်ခံစာ စာရင်းဇယားများစသည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို ယမန်နေ့က မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်း တာဝန်ခံ ဒေါ်အိမွန်ဟိန်းနှင့် တာဝန်ရှိသူများက လုပ်ငန်းအပြီးသတ် ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9915