ကျောက်ဆည်မြို့နယ်တွင် (CFW) အစီအစဉ်ဖြင့် ရေမြောင်းပြုပြင်ခြင်း လုပ်ငန်းများအတွက် လုပ်အားခများ ထောက်ပံ့ပေးအပ်

ကျောက်ဆည် စက်တင်ဘာ ၉

ကျောက်ဆည်မြို့နယ်တွင် CFW အစီအစဉ်ဖြင့် ရေမြောင်း ပြုပြင်ခြင်း လုပ်ငန်းများ အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ရုံး အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဦးမော့ လာစေရေးအတွက် CFW လုပ်အားခပေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသော ရေမြောင်း ပြုပြင်ခြင်း လုပ်ငန်းများအတွက် မြှောင်း တူးဖော်သော တောင်သူများအား လုပ်အားခ ငွေများကို ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

CFW အစီအစဉ်ဖြင့် ရေမြောင်း ပြုပြင်ခြင်း လုပ်ငန်းများ အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်ခြင်းများနှင့် ပတ်သတ်၍ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးချိုဦးကလည်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်က ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးချိုဦး ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကတော့ ကျောက်ဆည်မြို့နယ် အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီးပွားရေး ထိခိုက်မှု အပေါ် ကုစားရန်အတွက် ဆည်မြောင်း ဦးစီးဌာနမှ ဆောင်ရွက်ခဲ့တဲ့ ရေပေးမြောင်း ၈ မြောင်း တူးဖော်ခြင်းအတွက် လုပ်အားခများကို ပေးချေတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ရေပေးမြောင်း ၈ မြောင်းမှာ ဆောင်ရွက်ခဲ့ကြတဲ့ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရေ အသုံးချမှု စီမံခန့်ခွဲမှု အဖွဲ့ (ပ) ခေါင်းဆောင်၊ (ဒု) ခေါင်းဆောင်များကို ရေပေးမြောင်း ၈ မြောင်းအတွက် ကျသင့်ငွေ စုစုပေါင်း ၁၉၂ သိန်း ၄ သောင်း ၆ ထောင် ၆ ရာကျပ် ပေးအပ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။”

CFW အစီအစဉ်အရ စိုက်ပျိုးရေး မြှောင်း တူးဖော်ခြင်းအတွက် ထောက်ပံ့ငွေ လက်ခံ ရရှိသော သင်တောင်း ကျေးရွာမှ တောင်သူ ဦးမောင်မောင် စိုးကလည်း ယခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်ကတော့ သင်တောင်း ကျေးရွာ တောင်သူ ဦးမောင်မောင်စိုး ဖြစ်ပါတယ်။ အခုလိုမျိုး ကိုဗစ် ကာလမှာ အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေ နည်းပါးတဲ့ တောင်သူတွေကို နိုင်ငံတော်ကနေ ပံ့ပိုးငွေနဲ့ ဆည်မြောင်း ဦးစီးဌာန က ဦးစီးပြီးတော့ ဆည်ရေသောက် စိုက်ပျိုးရေး ဆည်မြောင်းများကို လာရောက်ပြီး ပံ့ပိုး တူးဖော် ပေးတဲ့အတွက် ကျနော်တို့ တောင်သူများလည်း ဝင်ငွေ ရပြီးတော့ စိုက်ပျိုးမြောင်းများလည်း အင်မတန်မှ ကောင်းမွန်ပြီးတော့ အစစ အရာရာ အဆင်ပြေတဲ့အတွက် ဆည်မြောင်းဌာနနဲ့ နိုင်ငံတော်ကို အထူးကျေးဇူးတင် ရှိပါတယ်။”

သက်မောင်

ကျောက်ဆည် ခရိုင် (ပြန်/ဆက်)

https://web.facebook.com/MOIWebportalMyanmar/videos/3343506732351360