သရက်မြို့နယ် ကျေးရွာ ၁၂ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

ကိုဗစ်-၁၉ ရောဂါ ကုစားမှုကာလ ကျေးလက်ဒေသနေ ပြည်သူတွေ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာတွင်း လမ်း မြေနီခင်းခြင်း၊ မြေသား ရေကန် ပြုပြင် တူးဖော်ခြင်း၊ ကျောင်း ခြံစည်းရိုး ပြုပြင်ခြင်း၊ ဘောလုံးကွင်း ပြုပြင်ခြင်း၊ ရေမြောင်းတူးခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန ကနေ သိရပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သရက်မြို့နယ် အတွင်း ကျေးရွာ ၁၂ ရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ အသုံးပြုပြီးတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဝင်ငွေ နည်းပါးလျက် ရှိတဲ့ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေ ရရှိကာ ကျေးရွာများရဲ့ ကုန်ထုတ် လုပ်ငန်းများနဲ့ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းဇော်ဟန်ထံကနေ သိရပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage