ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

NCDDP’s Activities in Hsihseng Monitored by Respective Officials

ဆီဆိုင် စက်တင်ဘာလ ၂၃

ကျေးလက်နေ ပြည်သူများ လူမူစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ် စီမံကိန်းရေး ဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက နားခိုက်ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာတွင် အရှည် ၁၆၆၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း၊ နားသံကျေးရွာအုပ်စု၊ နားမွန်းကျေးရွာတွင် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေရှိ ဆရာ/မ နားနေဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ နောင်လွယ်ကျေးရွာတွင် အရှည် ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ် တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ့်ပုံးကျေးရွာတွင် အလျား ၂၇ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၁၂ ပေရှိ ဆရာ/မ နားနေဆောင် တည်ဆောက်ခြင်း လုပ်ငန်းနှင့် ကွန်ဆိုင်းကျေးရွာတွင် ဂါလန် ၂၀၀၀ ဆံ့ စင်မြင့် ရေလှောင်ကန်နှင့် ရေပိုက်သွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

Credit – Ministry of Information

#NCDDP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/12389