စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု Cash for Work လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Rural Development Activities under Cash for Work Project in Myinmu Completed 100 Percent

Sagaing, 7 October 2020, Ministry of Information

မြင်းမူ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် Cash for Work ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ကျေးရွာ(၁)ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီကို ခွင့်ပြု ချထားပေးပြီး၊ ကျေးရွာ ပြည်သူများ၏ ဆန္ဒကို ရယူကာ ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် (COVID-19) ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည်နှင့်အညီ ကျေးရွာသူ / ကျေးရွာသားများ ပုံမှန်ဝင်ငွေ ပြန်လည် ရရှိနိုင်ရန်အတွက် ခွင့်ပြုငွေ၏ (၆၀)ရာခိုင် နှုန်းကို လုပ်အားခ အဖြစ်သတ်မှတ်ထားပြီး လုပ်ငန်း ဆောင်ရွက်နိုင်ရန် အတွက် (၄၀) ရာခိုင်နှုန်း ကိုသာ ခွင့်ပြု ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။

မြင်းမူမြို့နယ်အတွင်း Cash For Work လုပ်ငန်း အစီအစဉ် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အဖြစ် ကျွဲရိုက် ကျေးရွာတွင် အရှည်ပေ(၁၀၈၀)ရှိ ကွန်ကရစ်ဘီးလမ်း၊ ညောင်ရင်းကျေးရွာတွင် အရှည်ပေ(၈၈၀)ရှိ ကွန်ကရစ်လမ်း၊ ပဲတောင်း(မ)ကျေးရွာတွင် အရှည်(၇၆၂၀)ပေရှိ ရေပိုက် လိုင်းသွယ်တန်းခြင်း၊ ငါးကင်း(တ) ကျေးရွာတွင် အရှည်ပေ(၄၇၀၀)ရှိ ကျေးရွာတွင်း ကုန်ထုတ်လမ်း ဂျင်းခင်းခြင်း၊ စည်ပင်ကျေးရွာတွင် အရှည်ပေ (၁၅၀၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်း၊ ကျေးရွာ စာသင်ကျောင်းဆောင် အပြီးသတ် ဆောင်ရွက်ခြင်းနှင့် ဝမ်းပြည့် ကျေးရွာတွင် အရှည်ပေ(၈၂၀၀)ရှိ ရေပိုက်လိုင်း သွယ်တန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

အောင်စိုးဖေ(မြင်းမူ ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး

Credit- Ministry of Information

#CFW, #CERP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/15049