မိုးကောင်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)ရွာသစ်ကုန်းကျေးရွာ ကျောင်းခြံစည်းရိုးကာရန်ခြင်းနှင့် ကျောင်းတွင်းကွန်ကရစ်လမ်းခင်းခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၁၈.၁.၂၀၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပင့်သာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၏ ကျောင်းခြံစည်းရိုးကာရန်ခြင်း(၁၆၉’x ၆’) နှင့် ကျောင်းတွင်းကွန်ကရစ်လမ်းခင်းခြင်း(၁၄၅’ x ၁၇’ x ၀’၆”)ကို စီမံကိန်းရန်ပုံငွေ ၇၆၆၇၀၀၀ကျပ် ဖြင့် ဒီဇင်ဘာလ၂၄ ရက်နေ့မှ စတင်ခဲ့ရာ ဇန်နဝါရီ ၄ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်၁၀ နာရီက ရွာသစ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း မုဒ်ဦး၌ကျင်းပရာ မိုးညှင်းခရိုင်ကျေးလက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မင်း၊ ပင့်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်လမ်း၊ ရွာသစ်ကုန်းကျေးရွာ စီမံကိန်းကော်မတီ ဥက္ကဌဒေါ်ကော့ဖန်တို့မှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းခြံစည်းရိုးအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းကြသည်။

ထို့နောက်ရွာသစ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူထုစစ်ဆေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့မှ အဖွင့်အမှာစကားများပြောကြားကြပြီး ကျေးရွာကော်မတီဝင်များမှ ကဏ္ဍအလိုက်တင်ပြခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း၊ လုပ်ငန်းစဉ်နှင့် ရလဒ်များအား စိတ်ကျေနပ်မှုအတွက် မဲပေးခြင်းနှင့် ဆောင်ရွက်ခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။