ဗူးထောင်းကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်း စတင် အကောင်အထည်ဖော်

မကွေးတိုင်းဒေသကြီး ဂန့်ကော ခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ် စီမံကိန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဗူးထောင်းကျေးရွာ အုပ်စု ဗူးထောင်းကျေးရွာမှာ ကျေးရွာလူထုကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ထားတဲ့ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင် အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီ မီးလင်းရေး လုပ်ငန်းကို ရည်ရွယ်လင်း ကုမ္ပဏီ လီမီတက်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ၉ မီတာတိုင် ၄၃ လုံး၊ ဆယ်မီတာတိုင် ၂၅ လုံး၊ ၉၅ မီလီမီတာ မီးကြိုးအရှည် ၂၈,၂၁၆ ပေ၊ ၉၅ မီလီမီတာ မီးကြိုး အရှည် ၆၈၉၀ ပေ ရှိပြီး၊ လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ သိန်း ၂၅၀၊ ကျေးရွာလူထု ထည့်ဝင်ငွေ သိန်း ၁၁၀ ကုန်ကျ ပြီးတော့ မတ်လအတွင်း အပြီးဆောင်ရွက်မှာ ဖြစ်ပြီး၊ အိမ်ထောင်စု ၂၁၁ စု၊ လူဦးရေ ၁၀၅၀ ဦးအတွက် အကျိုးခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

ဗူးထောင်း ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းမှာ စီမံကိန်း ပံ့ပိုးငွေ ၁၁၈ သိန်းကျော် ကုန်ကျတဲ့ အလျား ၅၄ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၂ ပေ ရှိတဲ့ ဘက်စုံသုံး ခန်းမဆောင် တစ်ဆောင်၊ ၅၃ သိန်း ကျော် ကုန်ကျတဲ့ အလျား ၂၁ ပေ၊ အနံ ပေ ၂၀ ၊ အမြင့် ၉ ပေ ရှိတဲ့ သွပ်မိုး အုတ်ညှပ် ကျေးရွာ စာကြည့်တိုက် အဆောက်အဦးတစ်ခု၊ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း ပံ့ပိုးငွေကျပ် ၂၅,၃၆၃,၇၅၀ ကျပ်၊ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ် ၁,၇၅၅,၀၀၀ ကုန်ကျတဲ့ အရှည် ၅၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အထူ ၉ လက်မ ရှိတဲ့ မြေနီ ကျောက်စရစ် ကျေးရွာချင်းဆက်လမ်း ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ တတိယနှစ် စက်ဝန်းမှာ စီမံကိန်း ပံ့ပိုးငွေ ၂၂,၀၀၆,၅၅၀ ကျပ် ကုန်ကျတဲ့ အရှည် ၂၅၄၃ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၉ လက်မ ရှိတဲ့ ကျေးရွာတွင်း မြေနီ ကျောက်စရစ်လမ်းကို အကောင်အထည်ဖော် ခဲ့တယ်လို့ သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်းဟာ ထီးလင်းမြို့နယ်မှာ စတုတ္ထနှစ် စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျေးရွာ ၉၃ ရွာမှာ ရွာတွင်း လမ်း ပြုပြင်လုပ်ငန်း ၈ ခု၊ ၁၀ မီတာအောက် ကွန်ကရစ် တံတားငယ် သစ်သား တံတား တည်ဆောက်ခြင်းလုပ်ငန်း ၄ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး တည်ဆောက်ခြင်း လုပ်ငန်း ၄ ခု၊ ကျေးရွာ ရေရရှိရေး လုပ်ငန်း ၈ ခု၊ ကျေးရွာ မီးလင်းရေး လုပ်ငန်း ၅၁ ခု၊ လမ်းဘေး ကျောက်စီ ရေမြောင်းနဲ့၊ မြေထိန်း နံရံ တည်ဆောက်ခြင်း လုပ်ငန်း ၁၇ ခု၊ ကျေးရွာ ဘက်စုံသုံး ခန်းမ ဆောင် တည်ဆောက်ခြင်းလုပ်ငန်း ၂၄ ခုနဲ့ တစ်ခြားလုပ်ငန်း ၅ ခု၊ လုပ်ငန်းခွဲ စုစုပေါင်း ၁၂၁ ခုကို ကျေးရွာလူထုကိုယ်တိုင် ဦးစားပေး ရွေးချယ်ထားပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank