ကျောက်ကြီး မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအတွက် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်မှာ လုပ်ငန်း ခွဲ အချို့မှာ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲတာကြောင့် ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲများရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုများကို ပွင့်လင်း မြင်သာမှု ရှိစေရန် တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေရန် လေ့လာမှုနဲ့ အကြံပေးမှုများ တိုးတက်ဖြစ်ပေါ်လာ စေရန်၊ ပိုင်ဆိုင်မှု အပေါ် သိရှိနားလည်နိုင်စေရန် နှင့် အောင်မြင်မှု ရလာဒ် အပေါ် အောင်ပွဲခံနိုင်ရန် ရည်ရွယ်ပြီး စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲများကို ကျေးရွာ လူထု အများနဲ့ နှစ်စဉ် ကျင်းပခဲ့ပေမယ့်လည်း ယခု အခါ Covid-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစု လူဝေး လုပ်ဖို့ အဆင်မပြေတာကြောင့် လုပ်ငန်းခွဲများမှာ သုံးစွဲခဲ့တဲ့ ငွေစာရင်း ရှင်းတမ်းများနဲ့ ဝယ်ယူသုံးစွဲခဲ့တဲ့ ပစ္စည်း အမျိုးအစား အရေအတွက်များကို ပွင့်လင်း မြင်သာမှု ရှိစေရန်နဲ့ ကျေးရွာလူထုများ သိရှိစေရန် ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ခြင်း လော်စပီကာနဲ့ ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှုကို သိရှိနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် စာရွက်များ ဝေကာ ကောက်ယူခြင်းများကို ဇွန်လ ၉ ရက်နေ့က သောင်လယ် ကျေးရွာ မြောင်းဦး ကျေးရွာ၊ မင်းလှ ကျေးရွာနဲ့ သမန်းကျင်း ကျေးရွာတို့မှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းများမှ ဦးဆောင်ပြီး ဆောင်ရွက် ခဲ့ကြပါတယ်။

အဆိုပါ ကျေးရွာများမှာ ယခုနှစ် စီမံကိန်း စက်ဝန်းမှာ ဒေသခံ ပြည်သူများရဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သွားရေး လာရေး လုပ်ငန်းများမှာ အကျိုးပြု သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး၊ လူထုဗဟိုပြု စီမံကိန်းမှ ရန်ပုံငွေ ထောက်ပံ့ပြီး၊ စီမံကိန်း ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ရွာတွင်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ ကျေးရွာ မီးလင်းရေး လုပ်ငန်းနဲ့ ကျေးရွာတွင်း မြေသားလမ်း ခင်းခြင်း လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank