Cash for Work စီမံကိန်းများအား ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်က ချမှတ်ထားတဲ့ COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကောင်တုန်းကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာတွင်း လမ်းချောင်းသဲကျောက်ခင်းခြင်း လုပ်ငန်း စတင် ဆောင်ရွက်လျက် ရှိပါတယ်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ် ရေငန်လျှံကျေးရွာ စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းနဲ့ ကန်ပုံတလုတ်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်လျက် ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း တာဝန် လွှဲပြောင်းပေးအပ်ပွဲကို ဇွန်လိုင်လ ၂၈ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။

အဆိုပါ စီမံကိန်းမှာ ပါဝင်တဲ့ ငွေကျပ် သိန်း ၃၀၀ (၅) ရွာ၊ ငွေကျပ် သိန်း ၂၀၀ နှစ်ရွာ၊ ငွေကျပ် သိန်း ၁၀၀ (၈) ရွာတို့ကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ကမ်းနီ ကျေးရွာ အုပ်စု လှည်းကျော်ကုန်း ကျေးရွာမှာ ဆောင်ရွက်ခဲ့တဲ့ Cash for Work စီမံကိန်းကြောင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ပါတယ်။

အလုပ်သမား တစ်ဦးလျှင် တစ်ယောက်ကို ၆၀၀၀ ကျပ်နှုန်း ရရှိပြီးတော့ ပညာရှင် တစ်ဦးလျှင် တစ်ဦးကို တစ်ယောက်ကို ၈၀၀၀ ကျပ်နှုန်း ရရှိကြောင်း သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ ကျေးရွာ (၆) ရွာမှာလည်း Cash for Work စီမံကိန်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆောင်ရွက်မယ့် လုပ်ငန်းမှာ ကျေးရွာလမ်း၊ လမ်းရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဖြစ်ပါတယ်။

သတင်း - ပုသိမ် သတင်း ဌာနခွဲ/ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်ဆက်ရုံးများ

#CERP, #CFW, #DRD, #MOALI

https://www.mrtv.gov.mm/mm/news-82800