ပူတာအိုမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ Cash for Work စီမံကိန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်

ပူတာအို ဇူလိုင် ၃၀

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ် - ၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ၀င်ငွေ လျော့နည်းလာမှုနှင့် စား၀တ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်‌နေပြီကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့၏ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ၀င်ငွေရရှိစေရန်ရည်ရွယ်၍ မန်ပန်ကျေးရွာ တွင် အရှည်ပေ (၁၀၂၀၀) ကို ကျပ်သိန်းပေါင်း (၁၀၀) ဖြင့် ကျေးရွာတွင်းရေနူတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန် (၁၁) ခု ပြုလုပ်ခြင်း၊ ဖန်ခိုင် (၁) ကျေးရွာတွင် အရှည်ပေ (၃၄၈၀၀) ကို ကျပ်သိန်းပေါင်း (၁၀၀) ဖြင့် ကျေးရွာတွင်းရေနူတ်မြောင်း ပြုပြင်ခြင်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

စီမံကိန်းပြီးစီးပါက ဖန်ခိုင် (၁) ကျေးရွာနေ အိမ်ခြေ (၉၂) အိမ်၊ လူဦးရေ (၄၅၉) ဦးနှင့် မန်ပန်ကျေးရွာ အိမ်ခြေ (၆၂) အိမ်၊ လူဦးရေ (၄၀၁) ဦးတို့ကို အကျိုးပြုသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယောဆီ၊ မြို့နယ်စီမံ ကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့် စီမံကိန်း၀န်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/30/07/2020/id-25743