ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်‌နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယခု အစည်းအဝေးကို ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် Covid-19 Economic Relief Plan (CERP) အစီ အစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို ဝိုင်းဝန်းသုံးသပ်ပြီး ဦးစီးဌာန (ရုံးချုပ်) မှ ဆောင်ရွက်ပေးရမည့် အပိုင်းများအား သိရှိလိုခြင်းကြောင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ထမ်းတစ်ဦးချင်း စီတိုင်းအား မိမိအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် ရေပေးရေး၊ ကျေးလက် ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက် မီးလင်းရေးနှင့် အခြားစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ၊ Covid-19 Economic Relief Plan (CERP)အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် တွေ့ကြုံ ရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးကြပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(၁၇)ခုမှ ဦးစီး မှူးများ တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)

https://www.moi.gov.mm/news/5029?fbclid=IwAR3eBd66V2NorJyO5G3CQ55f9XFhusd0mISZ3SGc9nSXXbblNtqdUYsEmXg