တံတားဦးမြို့နယ် လိန်ကုန်းကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားလမ်းမှ ဂျင်းလမ်းခင်းခြင်း အဆင့်မြှင်တင် ဆောင်ရွက်

တံတားဦး၊ စက်တင်ဘာ ၈

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လိန်ကုန်းကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ အတွင်းလမ်းအား မြေသားလမ်းမှ ဂျင်းလမ်းခင်းခြင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်း အဆင့်မြှင်တင်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့်ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်၊ ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကော်မတီဝင်များပါဝင်ပြီး လမ်းအရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် (၁၀) သန်းဖြစ်ပြီး ကျေးရွာတွင် အိမ်ထောင်စု (၅၂) စုနှင့် လူဦးရေပေါင်း (၂၂၁) ဦးရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးရန်အောင် ထံမှသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် Cash for Work စီမံကိန်းကျေးရွာ (၁၀) ရွာ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာမတည် ရန်ပုံ ငွေ (VRFP) စီမံကိန်းကျေးရွာ (၈) ရွာဖြစ်ကြောင်း အဆိုပါစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုသည် သုံးလအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့် ပြည်သူများအား လုပ်အားခများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးမှ ပြောကြားသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9566