မိုးမိတ်မြို့နယ် ကျေးရွာ ၆ ရွာတွင် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Cash for Work Activities in 6 Villages of Mongmit Completed 100 Percent

Shan, SkyNet Media Coverage

 

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်နေ ပြည်သူတွေ ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်ပြီး၊ တုန့်ပြန်ဆောင်ရွက်တဲ့ အနေနဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ မန်ပတ် ကျေးရွာအုပ်စု၊ မန်ပတ်ကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ အဲဒီ ဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ မန်ပတ် ကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အလျား ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ထု ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း အလျား ၆၅၄၀ ပေ၊ အကျယ် ၂ ပေ တူးဖော်ခြင်း လုပ်ငန်းတွေကို Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ပေးပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးပြီး ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်လို့ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဘရန်စိုင်းက ပြောကြားပါတယ်။

Cash for Work စီမံကိန်းဟာ ကျေးရွာမှာ ရှိနေတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ ဝင်ငွေ မရှိသူတွေ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီးတော့ စီမံကိန်း လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ တစ်နေ့ကို လုပ်အားခ အနေနဲ့ ကျား-မ မရွေး လူ တစ်ဦးကို ငွေကျပ် ၅၀၀၀ နဲ့ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ Cash for Work စီမံကိန်း ဆောင်ရွက်တဲ့ အခါမှာ ခွင့်ပြု ရန်ပုံငွေရဲ့ ၄၀ ရာခိုင်နှုန်းကို လုပ်ငန်းသုံး ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုစေပြီးတော့ ကျန်ရှိတဲ့ ၆၀ ရာခိုင်နှုန်းကို လုပ်အားခ အနေနဲ့ ပေးချေ ဆောင်ရွက်ခဲ့ရာမှာ အဆိုပါ ကျေးရွာ မှာ ရှိတဲ့ အိမ်ခြေ ၂၂၉ အိမ်အတွက် စုစုပေါင်း ဝင်ငွေ ကျပ် ၅၈ သိန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးမိတ် မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မန်ပတ် ကျေးရွာ အပါအဝင် ကောင်ရာ၊ ဆည်ဦး၊ ဘုရားကုန်း၊ ဘော်ဒေ(စျေး)နဲ့ ကင့်နွယ် ကျေးရွာတွေမှာလည်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာမှာ လုပ်ငန်းတွေ အားလုံးဟာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage