ပုဗ္ဗသီရိမြို့နယ်၌ CERP အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

Covid-19 Economic Relief Plan Activities in Poke Ba Thi Ri Completed 100 Percent

Nay Pyi Taw, 27 September 2020, Ministry of Information

ပုဗ္ဗသီရိ စက်တင်ဘာ ၂၇

ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသည့် ကျေးလက်နေ ပြည်သူများ၏ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာလေးရွာ ရွေးချယ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းတွင် ပုဗ္ဗသီရိမြို့နယ်မှ အိမ်ခြေ(၁၀၀)အထက်ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၅၁)မှ(၁၀၀)အတွင်းရှိ ကျေးရွာတစ်ရွာနှင့် အိမ်ခြေ(၅၀)အောက်ကျေးရွာတစ်ရွာ စုစုပေါင်း ကျေးရွာလေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၄၆)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃၅)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၅၁)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၆)ဦး၊ စုစုပေါင်း(၄၃၈)ဦးအား ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၉၀၀ ကို ဩဂုတ်လ ဒုတိယပတ်တွင် ထုတ်ချေး ပေးနိုင်ခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)တွင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ ရိစာလမ်းခင်းခြင်းလုပ်ငန်း(၉)ခု၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းနှစ်ခု၊ တံတားငယ်တစ်ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း တစ်ခု၊ ကုန်ထုတ်လမ်း မြေချဲ့ခြင်း လုပ်ငန်းတစ်ခု၊ တာရိုးဖော်ခြင်း လုပ်ငန်းနှစ်ခု၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှစ်ခု၊ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းလေးခု၊ မြေဖို့ မြေတူးခြင်း လုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း(၂၄)ခုကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာ များပံ့ပိုးပေးပြီး ယင်းကျေးရွာများမှ ဒေသခံ ပြည်သူများအား ဝင်ရောက်လုပ်ကိုင်စေ၍ ကိုဗစ်-၁၉ ကာလတွင် ဝင်ငွေရရှိစေရန် လုပ်အားခ ပေးချေသည့်စနစ်ဖြင့် ဇူလိုင်လ ပထမပတ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကံချွန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/13070?fbclid=IwAR3B2HkYl7bgmXEz0JI39kQpsdCyOFmpuOBwR7uL4bYZJIs7svcOIS9XCWY